ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ဝေဘာဂီဆေးရုံ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူများအတွက် အခမဲ့ ဆေးစစ်ပေးမှုများ ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာသတင်းဌာနများမှ ဖော်ပြချက်များကို စုစည်းတင်ပြထားပါတယ်။ ခေတ်ပြိုင်၊ ဒီဗွီဘီ၊ ဧရာဝတီ သတင်းဌာနတွေမှာ ၂၀၀၈ ခုနှစ်၊  ဇန်န၀ါရီလ ၂၂၊ ၂၃ ရက်က သတင်းတွေ ဖြစ်ပါတယ်။

[ဟင်း မ်] မြန်မာကဏ္ဍ မော်ဒရေတာ

++++++++++++++++++

ဝေဘာဂီအခမဲ့ဆေးရုံ၌ ဝေဒနာရှင်များထံမှ အခကြေးငွေတောင်းခံ

ပီတာအောင်/ ၂၂ ဇန်န၀ါရီ ၂၀၀၈ (ခေတ်ပြိုင်၊ သတင်း)

ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ဝေဘာဂီဆေးရုံ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူများအတွက် အခမဲ့ ဆေးစစ်ပေးမှုများ ရပ်ဆိုင်းလိုက်ပြီး ငွေကြေး စတင်ကောက်ခံနေသဖြင့် ဝေဒနာရှင်များ အခက်တွေ့နေကြောင်း သိရသည်။

ဝေဘာဂီဆေးရုံသို့ ယခင်ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းမှ ကူညီပံ့ပိုးငွေများ ရပ်ဆိုင်းသွားသဖြင့် ဇန်န၀ါရီ (၂၁) ရက်မှ စ၍ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ တီဗီဓာတ်မှန်များအတွက် လူနာများ အနေဖြင့် စရိတ်မျှပေးရန် ဆေးရုံ၌ ကြေညာထားသည်ဟု ယမန်နေ့က ဆေးရုံသို့သွားရောက်ခဲ့သူ အေ့ဒ်စ်ဝေဒနာရှင် ကိုတင်ကိုက ပြောသည်။

၎င်းက ပုံမှန်က အခမဲ့လေ၊ ဘာမှမပေးရဘူး။ စာအုပ်မှတ်ပုံတင်ခ (၁၀၀) ပဲ ပေးရတယ်။ မနေ့က စပြီး ကောက်တဲ့အခါကျတော့ လူတွေမှာက ပိုက်ဆံ အဲ့သလောက်မပါကြဘူးလေ။ ကားခလောက် နဲ့ သွားလာနေကြတာလေ။ သွေးစစ်ခန်းရောက်မှ ပိုက်ဆံပေးမှ သွေးစစ်ပေးမယ်ဆိုတော့ အကုန် လုံး တော်တော် ဒုက္ခရောက်ကြတာပေါ့ဗျ။ ပိုက်ဆံမပေးရင် သွေးစစ်မပေးဘူး။ ဓာတ်မှန်လည်း ရိုက်မပေးဘူး။ မရှိတဲ့လူတွေက တော်တော်အကျပ်ရိုက်သွားတယ်ဟု ပြောသည်။

ဆေးရုံက လူနာများထံမှ သွေးစစ်ခ ကျပ်ငွေ () ထောင်၊ ဓာတ်မှန် တချပ်ရိုက်ခ ကျပ် () ထောင်၊ အာထရာ ဆောင်းရိုက်ခ ကျပ် () ထောင်နှင့် အလှူငွေ ကျပ် (၅၀၀) စတင် ကောက်ခံနေကြောင်း သိရသည်။

ဝေဘာဂီဆေးရုံ ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်ခန်းများတွင် အသုံးပြုသည့်စက်ကိရိယာများကို ဂျပန် နိုင်ငံမှ လှူဒါန်းထားပြီး မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူများအတွက် MSF-Holland, PSI,  AHRN , AZG စသည့် အန်ဂျီအိုများက ပညာပေးခြင်းနှင့် ဆေးဝါးအကူအညီ ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံက အိတ်ခ်ျအိုင်ဗီ-အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် နိုင်ငံရေးအခြေအနေတွေ မည်သို့ပင်ဖြစ်နေကာမူ အကူအညီတွေပေးပါလို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝေဒနာရှင် တယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်။ ပြင်ပအဖွဲ့အစည်းတွေကမှ မကူညီရင် ကျနော်တို့က သေလူဖြစ်သွားပြီ။ တချို့က လုံးဝစိတ်မ၀င်စားတဲ့ သဘောတွေပြနေတယ်။ အလှူငွေရှိရင် လုပ်ပေးမယ်၊ အလှူငွေမရရင် လုပ်မပေးဘူးဆိုတဲ့ ပုံစံမျိုးပေါက်နေပြီဟု ကိုတင်ကိုက ပြောသည်။ 

မြန်မာနိုင်ငံရှိ အေ့ဒ်စ်ဝေဒနာရှင်များကို ထိထိရောက်ရောက် အကူအညီပေးနိုင်ရန်အတွက် အန်ဂျီ အိုများကို လွတ်လပ်ခွင့်ပေးသင့်သည်ဟု အေ့ဒ်စ်ဝေဒနာရှင်များအား စေတနာ့ဝန်ထမ်းအကူအညီ ပေးနေသည့် ကိုရာဇာက ပြောသည်။

အန်ဂျီအိုတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့လိုမယ်။ နောက်ပြီးတော့ ကျနော်တို့ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးဖို့လိုမယ်။ အစိုးရရယ်၊ ကျနော်တို့ရယ်၊ အန်ဂျီအိုရယ် ပူးပေါင်း လုပ်လို့ရှိရင်တော့ အကုန်လုံး အဆင်ပြေသွားနိုင်မယ်ဟု ပြောသည်။

မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူပေါင်း () သိန်း () သောင်းခန့်ရှိကြောင်း UNAIDS ကုလသမဂ္ဂက ခန့်မှန်းထားပြီး ပြီးခဲ့သည့်နှစ်က အနည်းငယ်ကျဆင်းသွားကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားသည်။

http://www.khitpyaing.org/news/jan_08/22-1-08c.php

ဝေဘာဂီဆေးရုံ၌ အိတ်ခ်ျအိုင်ဗီလူနာများထံက ငွေတောင်းသည့်အစီအစဉ်စတင်

ဒီဗွီဘီ၊ ၂၂ ဇန်န၀ါရီ၊ ၂၀၀၈ (အေးနိုင်၊ ဒီဗွီဘီ သတင်းထောက်၊ ထိုင်း)

အိတ်ခ်ျအိုင်ဗွီ-အေ့ဒ်စ် ဝေဒနာသည်တွေကို ကုသပေးနေတဲ့ မြန်မာနိုင်ငံက တခုတည်းသော ဆေးရုံဖြစ်တဲ့ ရန်ကုန် မြောက်ဥက္ကလာပ ဝေဘာဂီ ကူးစက်ဆေးရုံက လူနာတွေကို သွေးစစ်၊ ဓါတ်မှန်ရိုက် စတာတွေ အတွက် အခကြေးငွေပေးချေမှ ဆောင်ရွက်ပေးတဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပါတယ်။

"ယခင်ပံ့ပိုးနေသော အဖွဲ့အစည်းမှ ကူညီပံ့ပိုးငွေများ ရပ်ဆိုင်းသွားပါသဖြင့် ၂၁ ရက်၊ ၁ လ၊ ၂၀၀၈ တနင်္လာနေ့မှ စ၍ ဓါတ်ခွဲခန်း၊ တီဗွီဓာတ်မှန်များအတွက် ဆောင်ရွက်နေမှုများကို စရိတ်မျှပေးစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လူနာများအား အသိပေးအပ်ပါသည်။" လို့ မနေ့ကရက်စွဲပါ ဆေးရုံကြော်ငြာသင်ပုန်း သတိပေးချက်မှာ ရေးထားချက်ကို ဆေးရုံကို မနေ့ကရောက်ရှိတဲ့ အေ့ဒ်စ်လူနာ ကိုတင်ကိုက ကူးယူလားပြီး ဖတ်ပြပါတယ်။

ယခင်ပံ့ပိုးနေသောအဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းဆိုတာ ရည်ညွှန်းမထားဘဲ ကြေညာချက်ကို ဘယ်သူက ထုတ်သလဲဆိုတာ ဖော်ပြမထားပါဘူး။

ဒီစည်းကမ်းချက်အသစ်ကြောင့် ဆေးရုံကို မနေ့ကသွားရောက်တဲ့ လူနာတွေအနက် သွေးစစ်ဖို့၊ ဓါတ်မှန်ရိုက်ဖို့ ငွေမရှိတဲ့ အိတ်ခ်ျအိုင်ဗွီလူနာတွေ မစစ်ဆေးဘဲ ပြန်သွားကြရတယ်လို့ ကိုတင်ကိုက ပြောပါတယ်။

"အခုကျတော့ သွေးစစ်ခက ၃,၀၀၀ ယူတာရှိတယ်၊ ၄,၀၀၀ ယူတာရှိတယ်။ အလှူတော် ငွေ ၅၀၀ ယူတာရှိတယ်။ ရိုးရိုးဓါတ်မှန်က ၂,၀၀၀၊ အာလ်ထရာဆောင်းက ၁,၀၀၀ ယူတာရှိတယ်။ လူနာတွေက ဆေးရုံကိုလာတာ လမ်းစရိတ်လောက်နဲ့ လာကြတာလေ၊ ဒီဆေးရုံက အခမဲ့ပေးနေကျဆိုတော့၊ အခုကျတော့ မနေ့ကတော့ သွေးစစ်ခန်း လည်းရောက်ရော ပိုက်ဆံမပါတော့ စစ်မပေးတော့ဘူးလေ။"

လူနာတွေဆီက ပိုက်ဆံတောင်းတဲ့စနစ်ဟာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဝေဒနာသည်အတွက် အလွန်အခက်အခဲကြုံတွေ့ ရမယ့် စနစ်ဖြစ်တဲ့အတွက် ဆက်မလုပ်ဆောင်ဖို့ လူနာတွေက တောင်းဆိုသွားမယ်လို့ ကိုတင်ကိုက ပြောပါတယ်။

အလှူရှင် အဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကုသရေး လုပ်ဆောင်ချက်တွေကို ဆက်စပ်ရောထွေး မစဉ်းစားဘဲ ကူညီနေကျအတိုင်း ကူညီဖို့ ကိုတင်ကိုက တောင်းဆိုပါတယ်။

အရင်က သွေးစစ်တာ၊ ဓာတ်မှန်ရိုက်ဖို့ လိုတယ်လို့ ဆရာဝန်က ညွှန်ကြားရင် ဝေဘာဂီ ဆေးရုံမှာ အခမဲ့စစ်ဆေးခွင့်ရနေရာက ခုလို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ ငှက်ဖျားတိုက်ဖျက်ရေး လုပ်ဆောင်တဲ့ ဂလိုဘယ်ဖန်း (Global Fund) အဖွဲ့ဟာ စစ်အစိုးရရဲ့ တားမြစ်ပိတ်ပင်မှုတွေကြောင့် မြန်မာနိုင်ငံက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထွက်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သတ်လို့ ဝေဘာဂီကူးစက်ရောဂါဆေးရုံကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

အိတ်ခ်ျအိုင်ဗွီ-အေ့ဒ်စ်လူနာတွေ အားကိုစရာဆေးရုံဟာ မြန်မာပြည်မှာ ဒီတနေရာသာရှိတာကြောင့် နယ်ကလူနာတွေဟာ ဒီဆေးရုံကိုလာဖို့ အခက်အခဲရှိကြပါတယ်။

နယ်ကလာတဲ့ အဲဒီလူနာတွေကို နေရေးစားရေး ကူညီပေးတဲ့ သင်္ဃန်းကျွန်း မဂ္ဂင်ကျောင်းတိုက်ကို စစ်အစိုးရအာဏာ ပိုင်တွေက မကြာသေးမီက ချိတ်ပိတ်လိုက်ပြီး ကျောင်းတိုက်ရှိ သံဃာတော်အားလုံးကို နှင်ထုတ်လိုက်ပါတယ်။

လူဦးရေ သန်း (၅၀) ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသူ ပျမ်းမျှ ၃၆၀,၀၀၀ (၂၀၀,၀၀၀ မှ ၅၇၀,၀၀၀ ကြား) ရှိတယ်လို့ ကုလသမဂ္ဂခုခံအားကျဆင်းမှု ကူးစက်ရောဂါတားဆီးရေးအဖွဲ့ UNAIDS က ခန့်မှန်းထားပါတယ်။

http://burmese.dvb.no/news.php?id=3570

ရန်ကုန်ဝေဘာဂီဆေးရုံ၏ အခမဲ့ဆေးကုသမှုစနစ် ရပ်ဆိုင်း

အေးချမ်းမြေ့ | ၂၃ ဇန်နဝါရီ၊ ၂၀၀၈ (ဧရာဝတီ၊ သတင်း)

ယခင်ပံ့ပိုးနေသော အဖွဲ့အစည်းများမှ ကူညီပံ့ပိုးငွေများ ရပ်ဆိုင်းသွားပါသဖြင့် ၂၁--၀၈ ရက်နေ့မှစပြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် တီဘီဓာတ်မှန်များကို စရိတ်မျှပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လူနာများအား အသိပေး အပ်ပါသည်ဟူသည့်သတိပေးစာကို ရန်ကုန်မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံ ကြီးတွင်ကပ်ထားသဖြင့် HIV/AIDS ဝေဒနာသည်များ စိတ်ဒုက္ခရောက်နေကြရကြောင်း သိရသည်။

ယခင်ကဆေးစစ်၊ သွေးစစ်၊ ဓာတ်မှန်ရိုက် အစရှိသည့် ဓာတ်ခွဲခန်းနှင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဝေဘာဂီဆေးရုံကြီး တွင် အခမဲ့ပြုလုပ်ပေးသော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ စရိတ်မျှပေးအစီအစဉ်ဖြင့်သာ ဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်း HIV/AIDS ဝေဒနာခံစားနေရသူ ကိုတင်ကိုကိုက ပြောပြသည်။

စရိတ်မျှပေး အစီအစဉ်ဆိုတာ တကယ်တော့ အပ်တိုလေးတချောင်းကစပြီး ကိုယ့်ငွေနဲ့ကိုယ်ဝယ်ရတာကို ပြောတာပါဟု ဆေးရုံအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။ မြန်မာနိုင်ငံရှိ ဆေးရုံတိုင်းတွင် စရိတ်မျှ ပေးကျန်းမာရေးဟူသော စာတန်းကပ်ထားပြီး ဆရာဝန်ဝယ်ခိုင်းသမျှ ဆေးနှင့်၊ ဆေးပစ္စည်း အားလုံးကို ဆေးရုံအတွင်းရှိ ဆေးဆိုင်များမှ မိမိငွေဖြင့် ဝယ်ယူရသောစနစ်ဖြစ်သည်။

HIV/AIDS ဝေဒနာရှင်များအနေနှင့် ဆေးစစ်၊ သွေးစစ်ခ ကျပ် ၃၀၀၀၊ ၄၀၀၀ စသည်ဖြင့် ပေးရသည့်ပြင် သွေးစစ်ခန်းထဲရှိ စက္ကူအလှူခံပုံးထဲသို့ မလှူမနေရအလှူငွေ ကျပ် ၅၀၀ ထည့်ဝင်လှူဒါန်းရသည်ဟု ကိုတင်ကိုကိုက ပြောသည်။

တနင်္လာနေ့ကဆို တချို့ဝေဒနာရှင်တွေ ငိုပြီးပြန်ကြတယ်၊ ဆေးစစ်တဲ့ငွေကို မပေးနိုင်ကြဘူးလေဟု ၎င်းကဆက်ပြော သည်။ ဇန်နဝါရီ ၂၁ ရက်နေ့က ဆေးစစ်ရန်လာသည့် HIV/AIDS ဝေဒနာရှင်များသည် ယခင်ပုံစံအတိုင်း အခမဲ့ဆေးစစ်မှု ခံယူရမည်ဟုထင်ကာ ခရီးစရိတ်နှင့် ထမင်းဖိုးသာပါလာသဖြင့် ဆေးစစ်ရန်အဖိုးအခ ပေးစရာမရှိသဖြင့် လှည့်ပြန်ကြရ သည်ဟုဆိုသည်။

အစိုးရကို ဘယ်အဖွဲ့အစည်းကမှ မကူညီတော့ဘူး ဆိုတာပြတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ကူညီတဲ့သူမရှိဘူး ဆိုပြီး ဝေဒနာရှင်တွေကို မျက်နှာလွှဲ ခဲပစ်လုပ်ဖို့တော့မကောင်းဘူးဟု ကိုတင်ကိုကိုက ဆက်ပြောသည်။

ကိုတင်ကိုကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးစောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာသည် များထဲမှ တဦးဖြစ်သည်။ ၎င်းဝေဒနာသည်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် တဦးဖြစ်သူ မဖြူဖြူသင်းက စောင့်ရှောက် လျက်ရှိပြီး ယခုလက်ရှိတွင် စစ်အစိုးရက လိုက်လံရှာဖွေနေသဖြင့် ပုန်းအောင်းနေရသည်။

လက်ရှိတွင် မဖြူဖြူသင်း ဆောင်ရွက်ခဲ့သော တာဝန်များကို ၎င်း၏လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုရာဇာက တာဝန်ယူ လျက်ရှိကြောင်းသိရသည်။ ၎င်းတို့အနေနှင့် စက်တင်ဘာ အရေးအခင်း နောက်ပိုင်းမှစ၍ ဝေဒနာသည်များ လိုအပ်လျက် ရှိသည့် ARV ဆေးများ ရရှိနိုင်မှု အလွန်ခက်ခဲသွားသည်ဟု ဆိုသည်။ စစ်အစိုးရက ၎င်းတို့နှင့်အတူ လုပ်ကိုင်ဆောင်ရွက် လျှက်ရှိသော လုပ်ဖော်ဆောင်ဖက်များကို လိုက်လံဖမ်းဆီးနေခြင်းက ဆေးရရှိမှု ခက်ခဲရခြင်း၏ အကြောင်းရင်း တရပ်ဖြစ် ကြောင်း ကိုရာဇာက ရှင်းပြသည်။

၎င်းတို့ စောင့်ရှောက်နေသည့် ဝေဒနာရှင်များမှာ စုစုပေါင်း ၆၀၀ နီးပါးခန့်ရှိပြီး ၂၀၀ မှာ နယ်မြို့များမှဖြစ်၍ အယောက် ၃၀ ကို ရန်ကုန်မြို့တွင်းရှိ လုံခြုံစိတ်ချရသောနေရာတခုတွင်ထားကြောင်း ကိုရာဇာက ပြောသည်။

ထိုဝေဒနာသည်များအတွက် အလှူငွေနှင့် အခြားသောကူညီမှုများကို မည်သည့်အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ ရရှိခြင်းမရှိဘဲ အချို့သော NLD အဖွဲ့ဝင်များ၊ နာမည်ကြီး မင်းသား မင်းသမီးများ၊ အခြားအလှူ ရှင်များထံမှသာရရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက တယ်လီဖုန်းဆက်မေးမြန်းရာ မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးမှ တာဝန်ရှိသူ များက ၎င်းကြေညာချက်နှင့် ပတ်သက်၍ ထင်မြင်ချက်ပေးရန်ငြင်းဆန်ကြသည်။

ယခင်က ဝေဘာဂီဆေးရုံကြီးကို AZG အဖွဲ့ကထောက်ပံ့လျက်ရှိပြီး ယခုမည်သည့် အတွက်ကြောင့် ထောက်ပံ့မှုမရှိတော့ သည်ကို မသိရကြောင်း ၎င်းဆေးရုံကြီးနှင့် နီးစပ်သည့် ဆရာဝန်တဦးက ပြောသည်။ ၎င်းက ဆက်လက်၍ HIV/AIDS ဝေဒနာသည်များအနေနှင့် ရှိနေသောဗိုင်းရပ်စ်ပိုး ပမာဏကိုသိရှိစေရန် မကြာခဏဆေး စစ်သင့်သည်ဟုဆိုသည်။

AZG (နယ်သာလန်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ ရန်ကုန်ရုံးခွဲ) သည် HIV/AIDS ဝေဒနာရှင်များအတွက် ARV ဆေးများကို ကူညီထောက်ပံ့ခဲ့သော်လည်း ၂၀၀၇ ခု၊ ဇန်နဝါရီ မှစ၍ ဝေဒနာရှင်သစ်များအတွက် ဆေးထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။

၂၀၀၆ ခုနှစ် ဇွန်လလယ်က ဥရောပကော်မရှင်သည် မြန်မာနိုင်ငံအတွင်း HIV/AIDS ၊ တီဘီ ရောဂါ နှင့် ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးအတွက် စတင်ထောက်ပံ့ခဲ့ပြီး စီမံကိန်းများကို ၂၀၀၇ ခု တွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံသို့ ကူညီနေသည့် ဂလိုဘယ်ဖန်း အစီအစဉ်က ၂၀၀၅ ခု သြဂုတ်လတွင် အစီအစဉ်များ ရပ်ဆိုင်းခဲ့ပြီး ၎င်းနေရာတွင် ရောဂါ ၃ မျိုး တိုက်ဖျက် ရေး ရန်ပုံငွေအဖွဲ့(3D Funds) ဝင်ရောက်လာခဲ့သည်။ ယင်း 3D Funds အစီအစဉ်ကို ၂၀၀၈ ခု ဇန်နဝါရီ လတွင် စတင် မည်ဟု ပြည်တွင်း သတင်းဂျာနယ်များက ရေးသားထားသည်။

၂၀၀၇ နိုဝင်ဘာလ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင် HIV/AIDS ဝေဒနာသည် ၃၃၉၀၀၀ ရှိပြီး အာရှတိုက်၏ အဆိုးရွားဆုံး အခြေအနေရှိသော နိုင်ငံများထဲမှ တနိုင်ငံအဖြစ်ပါဝင်ကြောင်း သိရသည်။

http://www.irrawaddy.org/bur/news2008/January/jan_23d_08.html