မတ် ၆၊ ၂၀၀၈ (ရေချမ်း၊ ဟစ်တိုင်၊ သတင်း)

မဖြူဖြူသင်း၊ မစုစုနွေးနှင့် မနီလာသိန်းတို့ သုံးဦးအား Homo Homini ဆု ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ ည ၇ နာရီ ၃၀ တွင် ချက် သမ္မတနိုင်ငံ ပရာဂ်မြို့တော်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို မှတ်တမ်းရုပ်ရှင်အဖြစ် ပြသရာ ပရိသတ်ကတော့ တော်တော်လေး ငြိမ်သွားတာပဲဟု ဆုကိုယ်စားတက်ရောက်ယူပေးသူ မလဲ့လဲ့က ပြောကြားသည်။ ပြီးခဲ့တဲ့ ၈ လပိုင်းတုန်းက ဆန္ဒပြတာတွေ၊ မနီလာသိန်း ဆန္ဒပြပုံ၊ မဖြူဖြူသင်း HIV နဲ့ ပတ်သက်ပြီး လုပ်နေပုံတွေ၊ ၉ လပိုင်းမှာ စစ်တပ်က လူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်၊ ရိုက်၊ ဘုန်းကြီးတွေကို ဆွဲလားရမ်းလား လုပ်နေတာတွေ ပြတယ်ဟုလည်း ပြောကြားသည်။

ဆုကို ချက်သမ္မတဟောင်း ဗားရှလက် ဟာဗယ်က ပေးအပ်သည်။ ချက်သမ္မတဟောင်း ဗားရှလက်ဟာဗယ်လ်က မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေး အပြည့်အ၀ ကူညီဆောင်ရွက်ပေးသွားမယ်ဟု ပြောကြားသည်။ ဆုလက်ခံရယူပြီးနောက် သမ္မတဟောင်းနှင့် နှစ်ယောက်အတူ ဓာတ်ပုံရိုက်စဉ် မစ္စတာဟာဗယ်လ်က မင်းတို့အတွက် ကျုပ် ဂုဏ်ယူတယ်။ မြန်မာပြည်အရေးအတွက် ဆက်ကြိုးစားသွားပါဟုလည်း ပြောသည်။

ဆုလက်ခံရယူပြီးနောက် ကျေးဇူးတင်စကား ပြောကြားရာတွင် မလဲ့လဲ့က အမျိုးသမီး သုံးယောက်တည်းကို ပေးတယ်ဆိုပေမယ့် မြန်မာပြည်မှာ လှုပ်ရှားနေတဲ့ လှုပ်ရှားသူ အားလုံးကို ကိုယ်စားပြုတဲ့ဆု ဖြစ်တယ်။ ကျမတို့ဟာ ဒီလို ထောင်နှစ်ရှည်ကျတာ၊ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ အဓမ္မ အစော်ကားခံရတာ သိရက်သားနဲ့ ဘာလို့ လုပ်လဲဆိုတော့ နောက်မျိုးဆက်သစ်တွေက ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ခံစားစေချင်လို့ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဆုရရှိသူ သုံးဦးအနက် မစုစုနွေးသည် အင်းစိန်အကျဉ်းထောင်တွင် ရှိပြီး မဖြူဖြူသင်းနှင့် မနီလာသိန်းသည် ရှောင်တိမ်းနေရသည်။

http://www.hittaing.org/news/2007/mar08.html