No.28 Vol.3 April 30 Wednesday 2008

အဖော်ကွန်ဒုံးသည် အမေရိကန်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Population Service International (PSI) မှ ၁၉၉၆ ခုနှစ်မှစ၍ HIV ရောဂါပိုးကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန် ထုတ်လုပ်ဖြန့်ဖြူး ပေးခဲ့သော ကွန်ဒုံးအမျိုးအစားတစ်ခု ဖြစ်သည်။

အဖော်ကွန်ဒုံးကို ၁၉၉၆ ခုနှစ်မှ စတင်ထုတ်လုပ်ဖြန့်ချိခဲ့သော်လည်း ၄င်း အချိန်က AIDS ရောဂါသည် ပြည်သူ တစ်ရပ်လုံးကို ခြိမ်းခြောက်နိုင်စွမ်းသော ရောဂါတစ်ခုအဖြစ်ကျယ်ပြန့်စွာ ဗဟုသုတမရှိသည့်အပြင် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာအတားအဆီးများကြောင့် ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဝင်ရောက် နိုင်ခြင်းမရှိခဲ့သေးပေ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် AIDS ရောဂါကို လူသိများလာခြင်းနှင့်အတူ PSI က မြန်မာနိုင်ငံအနှံ့အပြားတွင် ကြော်ငြာဆိုင်းဘုတ်များထောင်ခြင်း၊ ပုဂ္ဂလိကပိုင်သတင်း ဂျာနယ်များ၊ မဂဇင်းများ တွင်ကြော်ငြာခြင်းတို့ ပြုလုပ်ကာ အဖော်ကွန်ဒုံးကို ပိုမိုလူသိများလာစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ရုပ်မြင်သံကြား၌ စတင်ကြော်ငြာခွင့်ရခဲ့သည်။ ထိုသို့ကြော်ငြာထုတ်လွှင့်ခဲ့ရာတွင် အမျိုးသားပရိတ်သတ် ရုပ်မြင်သံကြား၌ စတင်ကြော်ငြာခွင့်ရခဲ့သည်။ ထိုသို့ကြော်ငြာ ထုတ်လွှင့်ခဲ့ရာတွင် အမျိုးသား ပရိတ်သတ်ကြည့်ရှုမှု အများဆုံးဖြစ်သော ပရီးမီးယားလိဂ် ဘောလုံးပွဲများပြသချိန်နှင့် ပထမပိုင်းပြီးချိန်တွင် မပြတ်ကြော်ငြာထုတ်လွှင့်ခဲ့သည်။

ထိုသို့ကြော်ငြာထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုတန်ဖိုးကို မထိခိုက်စေဘဲ စည်းဘောင်အတွင်းမှနေ၍ လူအများလက်ခံလာစေရန် ပုတ်သင်ညိုနှင့် ကြော်ငြာပေးခဲ့သည်။ ထိုသို့ကြော်ငြာနိုင်မှုကြောင့် ၁၉၉၆ ခုနှစ်က မြန်မာနိုင်ငံတွင် ကွန်ဒုံးရောင်းချရမှု အခြေအနေမှာ ၂ ဒသမ ၆ သန်းမျှသာ ရှိခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွင် သန်း ၄၀ အထိ ရောက်ရှိလာခဲ့သည်။ ထိုရောင်းချခဲ့ရသည့် ကွန်ဒုံးသန်း ၄၀ တွင် PSI မှ အဖော်ကွန်ဒုံးမှာ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး ရောင်းချရမှု ၃၁ သန်းအထိရှိခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် အဖော်ကွန်ဒုံးရောင်းချရမှု အခြေအနေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာနေပြီး ၂၀၀၆ ခုနှစ်အတွက် ၃၂ ဒသမ ၅ သန်းခန့်ရောင်းချရမည်ဟု ခန့်မှန်းထားကြောင်းနှင့် စုစုပေါင်းကွန်ဒုံး အမျိုးအစားစုံရောင်းချရမှုမှာ ယခင်နှစ်ရောင်းချရမှု သန်း ၄၀ ထက်ပို၍ များပြားလာမည်ဟု ခန့်မှန်းထားကြောင်း PSI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုသို့ အဖော်ကွန်ဒုံးနှင့် ပတ်သတ်၍ PSI မှတာဝန်ရှိသူတစ်ဦးက "PSI က HIV ရောဂါပိုးကူးစက်ခံရမှုကနေကာကွယ်ဖို့ အဖော်ကွန်ဒုံးတွေကို ကြော်ငြာရာမှာ ယဉ်ကျေးမှုကို အဓိကထားပါတယ်။ မြန်မာ့ယဉ်ကျေးမှုတန်ဖိုးကို မထိခိုက်စေဘဲ စည်းဘောင်ထဲကနေ လူသိများအောင် လုပ်ခဲ့ရတာပါ။

HIV ပိုးမကူးစက်အောင်တားဆီးရာမှာ လူထုကို ကြောက်အောင်ခြောက်လှန့်ထား ကြတာများပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တိုက်တွန်းတဲ့ ပုံစံမျိုးရအောင် ပုတ်သင်ညိုနဲ့ ကိုယ်စားပြုပြီး ကြေညာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ရုပ်မြင်သံကြားမှာ စပြီးကြော်ငြာ ခဲ့ရာမှာလည်း ကြော်ငြာတစ်မျိုးတည်းကို အကြာကြီး ကြည့်ပြီးရိုးအီမသွားအောင် မကြာခဏပုံစံပြောင်းပြီး လူထုကို Information ပေးခဲ့ပါတယ်" ဟု ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တစ်ဦးချင်းကွန်ဒုံးအသုံးပြုခြင်းမှာ နှစ်စဉ် ၀ ဒသမ ၈ Per Capita သာရှိသော်လည်း PSI က မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ကဲ့သို့ တစ်ဦးချင်းနှစ်စဉ် အသုံးပြုမှု ၁ ဒသမ ၆ မှ ၂ ဒသမ ၁ per Capita သို့ရောက်ရှိစေရန် မျှော်မှန်းထားသည်ဟု သိရသည်။ "PSI ရဲ့ အဓိက ပစ်မှတ်က နှစ်စဉ် တစ်ဦးချင်း ကွန်ဒုံးအသုံးပြုမှု ၀ ဒသမ per Capita ကနေ ၁ ကိုရောက်ဖို့ ဖြစ်ပြီး အဲဒီအခြေအနေကို ရောက်ဖို့ နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရဦးမယ်လို့ထင်ပါတယ်။ PSI က ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ တစ်ဦးချင်း ကွန်ဒုံးအသုံးပြုမှု ၁ ဒသမ ၃ per Capital ကိုရောက်ဖို့ဦးတည်ထားပါတယ်။" ဟု PSI  ၏ Management Information System မှ ကိုမောင်မောင်ငြိမ်းချမ်းက ပြောကြားခဲ့သည်။

PSI မှ ထုတ်လုပ်ခဲ့သော Condom များ ခုနှစ် အမျိုးအမည်

၁၉၉၆ Aphaw delux male condom

- ၂၀၀၁ Aphaw Flavors condoms

- ၂၀၀၃ OK male condom

- ၂၀၀၃ Feel Female condom

- ၂၀၀၃ Aphaw Gel Lubricant

- ၂၀၀၃ MF G-3 male condom

http://www.weeklyeleven.com/modules.php?name=News&file=article&sid=9026