AIDS ရောဂါ ကူးစက်ပျံနှံမှုတွေမှာ ကြေကွဲစရာ အကောင်းဆုံး အခြေအနေကတော့ ရောဂါပိုးရှိတဲ့ မိခင်ဖြစ်သူကတဆင့် ကလေးငယ်ဆီကို ကူးစက်မှုပါ။ ၀င်ငွေနည်းပါး ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ HIV ရောဂါပိုးကို ကလေးငယ် သိန်းနဲ့ချီပြီး မိခင်တွေကတဆင့် ကူးစက်ခံရပါတယ်။ မီးဖွားစဉ်ကတည်းက ကူးစက်ခံရမှု ရှိတတ်သလို၊ မိခင်နို့တိုက်ကျွေးရင်းနဲ့ ကူးစက်ခံရတာမျိုးတွေလည်း ရှိပါတယ်။

 

တကယ်တော့ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးမှုဟာ ကျန်းမာရေးအရ အသင့်လျော်ဆုံး ဖြစ်သလို အကုန်အကျ အသက်သာဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ မိခင်နဲ့ ကလေးငယ်အကြား မေတ္တတရားနဲ့ နွေးထွေးမှု ထိစပ်ခွင့်ရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် HIV ပိုး ကူးစက်ခံရတဲ့ မိခင်ဖြစ်သူတွေ အတွက်တော့ သွေးကဖြစ်တဲ့ နို့ကတဆင့် ရောဂါပိုး ကလေးဆီကို ကူးစက်သွားမှာ စိုးရိမ်ရတဲ့ အခြေအနေပါ။

 

ဆရာဝန်တွေဟာ HIV ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို AZT ရောဂါပိုးသတ်ဆေး တိုက်ကျွေးလေ့ရှိပါတယ်။ ဒါဟာမီးဖွားစဉ်အတွင်း ရောဂါပိုး ကလေးငယ်ဆီကို ကူးစက်သွားနိုင်ချေ အခွင့်အလမ်း နည်းသွားစေပါတယ်။ ဒါပေမယ့် အာဖရိကတိုက်မှာတော့ ကလေးငယ်သိန်းနဲ့ချီပြီး မိခင်တွေကတဆင့် ရောဂါပိုး ကူးစက်ခံနေရတုန်းပါ။

 

HIV ပိုးကူးစက်ခံရသူ မိခင်အနေနဲ့ ကလေးကို မိခင်နို့ စိတ်ချလက်ချ တိုက်ကျွေးနိုင်အောင် ဆေးသုတေသီတွေ လေ့လာစူးစမ်းနေကြပါတယ်။ လေ့လာချက်သစ် တရပ်မှာတော့ မိခင်နို့တိုကကျွေးနေချိန် ကလေးငယ်ကို Neviropine ရောဂါပိုးသတ်ဆေး တိုက်ကျွေးတာဟာ ရောဂါမကူးစက်အောင် ထိရောက်တဲ့ နည်းလမ်း ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။

 

ဒီအကြောင်းနဲ့အတူ မြန်မာနိုင်ငံမှာရော HIV ရောဂါပိုးရှိတဲ့ မိခင်တွေကတဆင့် ကလေးတွေကို ရောဂါမကူးအောင် ဘာတွေများ ဆောင်ရွက်နေသလဲဆိုတာ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဇော်နဲ့ ဆက်သွယ်မေးမြန်းပြီး၊ ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။


ချားဗန်တယ်ဟောစ့် (မြောက်ကိုရိုလိုင်းနား တက္ကသိုလ်) က HIV ဆိုင်ရာ သုတေသီ  ကခုလို ပြောပြပါတယ်။ တစ်နှစ်ကို မွေးကင်းစ ကလေးငယ် လေးသိန်းနှစ်သောင်း HIV ရောဂါပိုး ကူးစက်ခံနေရတယ်ဆိုတာ သိထားပါတယ်။ တော်တော်လေးကို စိတ်ပျက်စရာပါ။ ကလေးငယ်တွေမှာဖြစ်တဲ့ HIV ဟာ ဆေးပညာဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ပါ အဲဒီထဲက အဲဒီထဲက ကလေးငယ် တစ်ဝက်က တစ်နှစ်အတွင်း သေဆုံးသွားကြပါတယ်။ တခြား တစ်ဖက်မှာလည်း ကလေးတွေကို နို့ဘူးတိုက်တဲ့ ကိစ္စဟာ ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ငွေကြေး အကုန်အကျများတာ၊ မတတ်နိုင်တာ ရှိသလိုပဲ ၀မ်းပျက်ဝမ်းလျောတာ တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာဖရိကတိုက် “ဘာလာဝီ” နိုင်ငံမှာ ကလေးငယ်တွေကို ART ဆေး တိုက်ကျွေးခြင်းအားဖြင့် ဘယ်လောက်ထိ ထိရောက်မှု ရှိတယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။

 

ကျတော်တို့ စမ်းသပ်တဲ့နေရာမှာ အုပ်စု သုံးစုကွဲပါတယ် တစ်စုမှာ မွေးဖွားပြီးတဲ့ အမျိုးသမီးတွေကို ကလေး နို့တိုက်ချိန်ကာလ ၂၈ပတ်ကြာ ART ဆေးကို မပြတ် သုံးစွဲစေပါတယ်။ နောက်တစ်အုပ်စုကိုတော့ မီးဖွားပြီးစ ကလေးငယ်တွေကို ၂၈ပတ်ကြာ “နီပါရပင်း” ရောဂါပိုးသတ်ဆေးကို နေ့စဉ်တိုက်ကျွေးစေပါတယ်။တတိယ အုပ်စုမှာတော့ ကလေးငယ်နဲ့ အမျိုးသမီးတွေကို အသေအချာ ကြပ်မတ်ထားပါတယ်။ မိခင်တွေကို မီးဖွားဖို့ ဗိုက်နာနေစဉ်အတွင်းမှာ AZT ဆေး တိုက်ကျွေး ထားသလိုပဲ ကလေးတွေ မီးဖွားပြီးတဲ့ ၇ ရက်အတွင်းမှာ “နီပါရပင်း” တိုက်ကျွေးပါတယ်။ ပြီးတော့ ဒီရလဒ်ကို ကျတော်တို့ စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။

 

“နီပါရပင်း”ဆေး နေ့စဉ်တိုက်ကျွေးတဲ့ ကလေးတွေကို ကြည့်တော့ ရောဂါ ကူးစက်မှုနှုန်းဟာ အတော်ကြီးကို လျော့နည်းနေတာ ကျတော်တို့ တွေ့ခဲ့ရပါတယ်။ ပုံမှန်စောင့်ရှောက်ပေးနေတဲ့ အဆင့်မှာတုန်းက ကူးစက်ခံရမှုနှုန်း ကျဆင်းမှုက ၆.၄ ရာခိုင်နှုန်းကနေ ဒီစမ်းသပ်မှုက ၁.၈ ရာခိုင်နှုန်းအထိ ကူးစက်မှုက ကျဆင်းသွားပါတယ် မိခင်တွေကို ဆေးတိုက်ကျွေးတဲ့ ကလေးတွေမှာတော့ ၃ ရာခိုင်နှုန်း ကူးစက်ခံရပါတယ်။ မိခင်တွေကို ART ဆေးတိုက်ကျွေးတဲ့ လေ့လာမှုမှာတော့ အခြေအနေတွေကို စောင့်ကြည့်ဖို့၊ တခြား ဘေးဥပါဒ်ရှိ၊ မရှိနဲ့ သွေးအားနည်းမှု ရှိ၊မရှိဆိုတာတွေကို စောင့်ကြည့်ဖို့ ဓါတ်ခွဲ စမ်းသပ်ခန်းတွေ လိုအပ်ပြီးတော့ ဒီအတွက် အကုန်အကျများပါတယ်။ ဒါကြောင့်လည်းပဲ ကလေးငယ်တွေကို “နီပါရပင်း”  တိုက်ကျွေးတာဟာ ပိုပြီးတော့ ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါကတော့ “ချားဗန်တယ်ဟောစ့်” ပြောသွားတာပါ။

 

ခုနည်းဟာ ချားဗန်တယ်ဟောစ့်” ပြောသလိုပဲ အကုန်အကျ သက်သာတာကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ အသုံးတည့်တဲ့ နည်းလမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ HIV ရှိတဲ့ မိခင်ကတစ်ဆင့် ကလေးငယ်ကို ရောဂါကူးစက်ခံရမှု ကျဆင်းအောင် ပုံမှန်နည်းလမ်းဖြစ်တဲ့ မိခင်ကို ဆေးတိုက်ကျွေးတာပဲ အသုံးများပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဇော်က ခုလိုပြောပြပါတယ်။

 

“အိတ်ခ်ျအိုင်ဗွီ ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာမယ့် ကလေးကို ကူးစက်နှုန်း လျော့နည်းဖို့က ဆေးက တစ်မျိုးတည်း တိုက်ရပါတယ်။ ဆေးက တစ်မျိုးတည်း တိုက်တယ်ဆိုတာ မွေးခါနီးမှ တိုက်ရတာပါ။ ကလေးကိုလည်း မွေးပြီး တစ်ကြိမ်ပဲ တိုက်ရပါတယ်။ အဲဒါက ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ဆေးတွေက ပေါ်လာတော့ ဆေးပေါင်းတွေပေါ့ ဆေးပေါင်းတွေ စတိုက်တယ်။ “ပလိုတိုကော အေ” ဆိုလို့ရှိရင် ကျတော်တို့ ၂၈ပတ်တည်းက ကလေးအမေကို စတိုက်တာပေါ့။ အဲဒါတွေက ကျတော်တို့ စီမံချက်ထဲမှာ ပါလာပြီ။ ကိုယ်ဝန်ဆောင် မိခင်မှာ ရိုးရိုးမွေးရင် ကူးစက်နှုန်းက ပိုများပါတယ်။ အဲဒီတော့ ကျတော်တို့ ကူးစက်နှုန်းကို ကျတော်တို့ လျော့နည်းသွားအောင် ဆိုပြီးတော့ ကျတော်တို့ ဗိုက်ခွဲမွေးချင်တဲ့ HIV နဲ့နေထိုင်တဲ့ ကိုယ်ဝန်ဆောင်တွေ ရှိရင်လည်း ကျတော်တို့က ကုန်ကျမယ့် ကုန်ကျစရိတ် တွေကို၊ ကျတော်တို့က ဘာတွေ လိုအပ်မယ်။ ဆေးဝါးပစ္စည်း ဘာတွေ လိုအပ်မယ် အဲဒါတွေကိုလည်း ကျတော်တို့က အကုန်ထောက်ပံ့ပေးပါတယ်။ နောက်ပြီး ဗိုက်ခွဲပြီးလို့ သားကြောဖြတ်မယ် ဆိုရင်လည်း သားကြောဖြတ်မယ့် ကုန်ကျစရိတ်တွေကိုလည်း ကျတော်တို့က တာဝန်ယူပေးပါတယ်။” မြန်မာနိုင်ငံ ဆရာဝန်များ အသင်းက ဒေါက်တာ မြင့်ဇော် ပြောသွားတာပါ။

 

ဒါပေမဲ့လည်း “ချားဗန်တယ်ဟောစ့်” တို့လေ့လာထားတဲ့ ကုသနည်းမှာ ပြဿနာ တစ်ရပ်ရှိပါတယ်။ အဲဒါကတော့ ၂၈ပတ်ကြာ ကလေးတွေကို နို့ဖြတ်လိုက်တော့ ကလေးတွေက ခံနိုင်ရည်မရှိပဲ ၀မ်းပျက်၊ ၀မ်းလျောဖြစ်ကြတာပါ။ ဒါကြောင့်လည်း ဒီလို မဖြတ်ပဲနဲ့ ၂၈ပတ်ကျော်ကြာတဲ့အထိ ဆေးကို ဆက်လက် တိုက်ကျွေး သင့်ပါတယ်လို့ “ချားဗန်တယ်ဟောစ့်” ကပြောပါတယ်။ ကလေးငယ်တွေကို မိခင်နို့နဲ့အတူ ဆေးတိုက်ကျွေးတာဟာ ပိုပြီးတော့ ထိရောက်တယ်ဆိုတဲ့ လေ့လာချက် ရလဒ်ဟာ HIV နဲ့နေထိုင်သူ မိခင်တွေ အတွက်တော့ မိခင်မေတ္တာလို့ တင်စားလေ့ရှိတဲ့ မိခင်နို့ကို ပိုပြီးတော့ ဘေးကင်းကင်းနဲ့ ကလေးငယ်တွေကို တိုက်ကျွေးခွင့် ရဖို့ သတင်းကောင်းဖြစ်ပါတယ်။

 

http://www.voanews.com/